ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အရ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံသို့ အီစူဇူ အမှိုက်သိမ်းကား ၃ စီး ထောက်ပံ့မှု
၂၀၂၀ ခုနှစ်၊ မတ်လ (၂၄)ရက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. MARUYAMA Ichiro နှင့် မန္တလေးဒုတိယမြို့တော်ဝန် ဦးရဲမွန်တို့သည် မန္တလေးမြို့တော်အမှိုက်သိမ်းစနစ်တိုးတက်ရေးစီမံကိန်းအတွက် အထောက်အပံ့ပေးရေး သဘောတူစာချုပ်ကို ၂ဝ၂၀ ခုနှစ် မတ်လ (၂၄) ရက်နေ့တွင် လက်မှတ်ရေးထိုးကြပါသည်။ အဆိုပါ သဘောတူစာချုပ်အရ ဂျပန်နိုင်ငံအစိုးရသည် ၎င်း၏ အသေးစား စီမံကိန်းများ ထောက်ပံ့ရေးအစီအစဉ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၈၇,၅၀၀) ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

ယခုအချိန်တွင် မန္တလေးမြို့သည် “မန္တလေးမြို့တော် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် လုပ်ငန်းစီမံချက် (၂၀၁၇-၂၀၃၀) ”အရ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ သို့သော် မြို့ပြလူဦးရေတိုးပွားလာသည်နှင့်အမျှ စွန့်ပစ်ပစ္စည်းများ၏ ပမာဏသည်လည်း တစ်နှစ်ထက်တစ်နှစ် သိသိသာသာ မြင့်တက်လာသည့်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် မြို့တော်တစ်ဝန်းတွင် အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းကို အပြည့်အဝဆောင်ရွက်ပေးရန် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသည်။ ထို့အပြင် အမှိုက်သိမ်းဝန်ဆောင်မှု မလုံလောက်ခြင်းကြောင့် တရားမဝင်စွန့်ပစ်မှုများကို ပေါ်ပေါက်လာစေပြီး မသန့်ရှင်းသော ပတ်ဝန်းကျင်များဖြစ်လာပြီး အများပြည်သူ၏ ကျန်းမာရေးကိုထိခိုက်စေလျက်ရှိပါသည်။ ဤပြဿနာကိုဖြေရှင်းရန်အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တွင် အသုံးပြုရန် အီစူဇူ အမှိုက်သိမ်းကား ၃ စီးကို ဂျပန်သံရုံးအား မေတ္တာရပ်ခံခဲ့ပါသည်။

မန္တလေးမြို့တော်နှင့် ပြည်သူများကို ကူညီထောက်ပံ့သည့်အနေဖြင့် ဂျပန်သံရုံးသည် အမေရိကန်ဒေါ်လာ (၁၈၇,၅၀၀) ကို အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အဖြစ် ထောက်ပံ့ရန်ဆုံးဖြတ်ခဲ့ပါသည်။ ထို့အပြင် အီစူဇူ အမှိုက်သိမ်းကား ပေးသွင်းသူဖြစ်သော Mitsubishi Corporation နှင့် MSP Motors Limited တို့က ယာဉ်မောင်းများနှင့် အကူဝန်ထမ်းများကို နည်းပညာဆိုင်ရာ သင်ကြားပြသသွားပါမည်။ ဤစီမံကိန်းသည် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံအစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်အနေဖြင့် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်သော ပထမဦးဆုံးသောစီမံကိန်းဖြစ်ပါသည်။

ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင်အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစတင်၍ စီမံကိန်း ပေါင်း (၉၃၂) ခုကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ပညာရေးထောက်ပံ့ရေးစီမံကိန်းပေါင်း(၄၉၃)ခု၊ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ရေးစီမံကိန်းပေါင်း(၂ဝ၁)ခုနှင့် လူမှုဖူလုံရေးနှင့်ပတ်ဝန်းကျင်စီမံကိန်းပေါင်း(၁၄၁)ခု၊ အခြေခံအဆောက် အအုံစီမံကိန်းပေါင်း(၆၁)ခုနှင့် အခြားအမျိုးမျိုးသော စီမံကိန်းပေါင်း(၃၆)ခုတို့ကို မြန်မာပြည်သူပြည်သားများ၏ နေထိုင်မှု အဆင့်အတန်းမြှင့်တင်မှုအတွက် တိုက်ရိုက်အကျိုးသက်ရောက်စေရန် ရည်ရွယ်ပြီးထောက်ပံ့ခဲ့ပါသည်။ ဤအထောက် အပံ့များသည် လက်ရှိဂျပန်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးကိုလည်း ပိုမိုတိုးတက်ခိုင်မာလာစေလိမ့်မည်ဟု မျှော်လင့်လျက်ရှိပါသည်။