
စက်တင်ဘာလ ၁၇ ရက် နေ့တွင် ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံကို 「ဂျပန်နိုင်ငံအတွင်း COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးစီမံချက်အရ COVID – 19 မျိုးကွဲဗီဇအသစ် ဖြစ်ပွားရာနေရာဟု မှတ်ယူဆောင်ရွက်သင့်သောနိုင်ငံ၊ ဒေသ」အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် အဆိုပါသတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ပါသည်။ သို့ပါသောကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၀၀း၀၀ နာရီမှစတင်၍ မြန်မာနိုင်ငံမှ ဝင်ရောက်လာသူအားလုံးသည် ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေးဌာနမှူးက သတ်မှတ်သည့်နေရာ (ဟိုတယ်) တွင် ၃ ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်ခြင်းကို ဆောင်ရွက်ရန် လိုအပ်တော့မည် မဟုတ်ပါ။
သို့ရာတွင် ယခုကဲ့သို့ ၃ ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်ခြင်းကို ပယ်ဖျက်ပြီး နောက်ပိုင်းတွင်လည်း ဂျပန်နိုင်ငံတွင်းသို့ ဝင်ရောက်သည့်နေ့၏ နောက်တစ်ရက်မှစတင်၍ ၁၄ ရက်ပြည့်သည်အထိ မိမိနေအိမ် စသည်တို့၌ သီးသန့်နေထိုင်ခြင်းနှင့် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဥ်များကို အသုံးမပြုခြင်း စသည်တို့ကို ယခင်အတိုင်းပင် ဆက်လက်လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။