မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဆန္ဒဖော်ထုတ်သူများ သေဆုံး၊ ဒဏ်ရာရမှုများနှင့် ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ၏ သတင်းထုတ်ပြန်ချက်
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်

၁။ ဂျပန်အစိုးရသည် မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့များမှ ဆန္ဒဖော်ထုတ်သူများကို ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် ပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရမှုများ ဖြစ်ပေါ်ခဲ့ခြင်းအပေါ် ရှုတ်ချကန့်ကွက်ပါသည်။ ထို့ပြင် သေဆုံးခဲ့ရသူများ၏ ကျန်ရစ်သူမိသားစုများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားလိုပြီး ဒဏ်ရာရရှိခဲ့သူများအားလုံး အမြန်ဆုံး သက်သာပျောက်ကင်းပါစေကြောင်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

၂။ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့်လှုပ်ရှားမှုများတွင် သေနတ်ကိုအသုံးပြု၍ အင်အားသုံးဖြိုခွင်းသော လုပ်ရပ်သည် ခွင့်လွှတ်နိုင်စရာအကြောင်းမရှိပါ။ ပြည်သူလူထုအပေါ် အကြမ်းဖက်နှိမ်နင်းမှုများ ချက်ချင်း ရပ်ဆိုင်းရန် မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့များအား ဂျပန်အစိုးရက အလေးအနက် တောင်းဆိုပါသည်။

၃။ ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံထားရသော ပုဂ္ဂိုလ်များကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီနည်းလမ်းကျသော နိုင်ငံရေးစနစ် အမြန်ဆုံးပြန်လည်ရရှိစေရေး အတွက် ဂျပန်အစိုးရက တပ်မတော်အား ထပ်မံ၍ အလေးအနက်ထား တိုက်တွန်းလိုက်ပါသည်။