
၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ဂျပန်သံအမတ်ကြီး Mr. Maruyama သည် နေပြည်တော်သို့ သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား အောက်ပါအချက်များကို တိုက်တွန်းပြောကြားခဲ့ ပါသည်။
ထိုသို့ တွေ့ဆုံခဲ့ရာတွင် ဂျပန်သံအမတ်ကြီး Mr. Maruyama က ဖေဖော်ဝါရီ ၁ရက်နေ့တွင် မြန်မာနိုင်ငံ၌ အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း အခြေအနေများနှင့်ပတ်သက်၍ အလွန်အမင်း စိုးရိမ်ပူပန်လျက် ရှိကြောင်း တိုက်ရိုက်ပြောကြားခဲ့ပြီး အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများကို လုံးဝရပ်ဆိုင်းရန်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာပုဂ္ဂိုလ်များအား အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီနည်းလမ်းကျသောနိုင်ငံရေးစနစ် အမြန်ဆုံးပြန်လည်ရရှိစေရေးအတွက် အလေးအနက်ထား တိုက်တွန်းခဲ့ပါသည်။
ထိုသို့ တိုက်တွန်းပြောကြားချက်အပေါ် မြန်မာဘက်က ယခုအချိန်အထိ စွဲကိုင်ထားသော ရပ်တည်ချက် ကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။
ဂျပန်အစိုးရအနေဖြင့် ဆက်လက်၍ ၁။ ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်ဆိုင်းရန် ၂။ ဖမ်းဆီးထိန်းသိမ်းထားသော သက်ဆိုင်ရာပုဂ္ဂိုလ်များအား ပြန်လွှတ်ပေးရန် ၃။ ဒီမိုကရေစီနည်းလမ်းကျသော နိုင်ငံရေးစနစ် အမြန်ဆုံးရရှိစေရန် စသည့် အချက် (၃) ချက်ကို မြန်မာ့တပ်မတော်ဘက်သို့ အလေးအနက်ထား တိုက်တွန်းသွားမည်ဖြစ်ပါသည်။