JENESYS 2026 "ဂျပန်-မြန်မာလူငယ် ချစ်ကြည်ရေး ခရီးစဥ် (ဂျပန်ဘာသာ အထူးပြု အစီအစဥ်)”
မအိမြတ်မွန်
<သူ၏ အတွေ့အကြုံနှင့် အမြင်သဘောထား မျှဝေချက်>
တက္ကသိုလ်နှစ်ခုကို သွားလေ့လာပြီးတဲ့နောက်မှာ ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်ကို တစ်စိတ်တစ်ပိုင်းသိခဲ့ရပါတယ်။ ပညာရေးကပဲ စနစ်တစ်ခုလုံးကို ပုံသွင်းနိုင်တဲ့အကြောင်း၊ ပညာရေးဟာ အခြေခံလူ့အခွင့်အရေးဖြစ်တဲ့အကြောင်း နားလည်သဘောပေါက်ခဲ့ရပါတယ်။
Homestay နေတဲ့အခါ စားသောက်ဆိုင်မှာ စားတဲ့အခါ ဈေးဝယ်တဲ့အခါ ဂျပန်လူမျိုးတွေရဲ့ おもてなしの心(ဧည့်ဝတ်ကျေပွန်သောစိတ်)ကို ခံစားခဲ့ရပါတယ်။
နောက်ဆုံး ပြီးဆုံးကြောင်းလက်မှတ်ပေးတဲ့နေ့မှာ Mr. UCHIYAMA ပြောခဲ့တဲ့ “Be a driver on the bridge “ ဆိုတဲ့ စာကြောင်းလေးဟာ ခုထိနားထိကြားနေရတုန်းပါ။
မနှင်းနွယ်ဦး
<သူ၏ အတွေ့အကြုံနှင့် အမြင်သဘောထား မျှဝေချက်>
ကျွန်မအနေနဲ့ JENESYSအစီအစဉ်ဖြင့် ဂျပန်နိုင်ငံကို မသွားခင်က ဂျပန်ဟာ အလွန်ဖွံဖြိုးတိုးတက်ပြီး စည်းကမ်းရှိတဲ့နိုင်ငံတစ်နိုင်ငံလို့ပဲ သိထားခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်တိုင်သွားရောက်လေ့လာခွင့်ရတဲ့အခါ ဂျပန်လူမျိုးတွေရဲ့ နေ့စဉ်ဘဝ၊ အတွေးအမြင်နဲ့ ယဉ်ကျေးမှုတွေကိုပါ နားလည်လာခဲ့ရပါတယ်။ အထူးသဖြင့် ဂျပန်ရဲ့တက္ကသိုလ်တွေကိုသွားရောက်လေ့လာခြင်း၊ ဂျပန်လူငယ်ကျောင်းသားများ နဲ့ ဖိလစ်ပိုင်လူငယ်ကျောင်းသားတွေနဲ့ အပြန်အလှန်ဆွေးနွေးဖလှယ်ရတာမျိူး၊ home stayနေထိုင်ခြင်းတို့က ကျွန်မအတွက် အမှတ်ရစရာအကောင်းဆုံး အတွေ့အကြုံတွေ ဖြစ်ခဲ့ပါတယ်။ ထို့အပြင် ဂျပန်နိုင်ငံရဲ့ သမိုင်းဝင်နေရာတွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ကိုယ်တိုင်လေ့လာခွင့်ရခဲ့တာကလည်း အလွန်စိတ်ဝင်စားဖွယ်ကောင်းခဲ့ပါတယ်။
ဒီအစီအစဉ်ကနေမှ နိုင်ငံနဲ့ ယဉ်ကျေးမှု မတူညီကြသော်လည်း တစ်ဦးနှင့်တစ်ဦး စကားပြောဆိုနိုင်ခြင်း၊ အတွေ့အကြုံတွေကို မျှဝေခြင်းတို့ကတစ်ဆင့် အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်ကြောင်းကို သိရှိခံစားခဲ့ရပါတယ်။ ထို့အပြင် အခြားနိုင်ငံက လူငယ်တွေရဲ့ အတွေးအမြင်တွေကို နားထောင်ခွင့်ရခဲ့တဲ့အတွက် ကိုယ်တိုင်ရဲ့အမြင်တွေလည်း ပိုမိုကျယ်ပြန့်လာတယ်လို့ခံစားခဲ့ရပါတယ်။ ဒါတင်မကသေးပဲ ဂျပန်ကျောင်းသူတွေနဲ့အတူ Shibuyaက နေရာစုံကိုသွားပြီး ဓာတ်ပုံရိုက်ရတဲ့မစ်ရှင်မျိုး၊ Sengen Jinjyaက နတ်ကျောင်းစုံကိုသွားပြီး တံဆိပ်တုံးစုရတာမျိုး စတဲ့activitiesတွေက ကိုယ်တိုင်တစ်ခုခုကိုလုပ်နိုင်ခဲ့တယ်ဆိုတဲ့ ခံစားချက်လဲရစေပြီး အရမ်းပျော်စရာလည်းကောင်းခဲ့ပါတယ်။
မခင်ဝါဝါအောင်
<သူ၏ အတွေ့အကြုံနှင့် အမြင်သဘောထား မျှဝေချက်>
JENESYS 2026 မြန်မာ–ဂျပန် ဂျပန်ဘာသာစကားနဲ့ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်မှာ ပါဝင်ခွင့်ရခဲ့တာက ကျွန်မဘဝမှာ မမေ့နိုင်စရာ အတွေ့အကြုံကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီလိုအခွင့်အရေးမျိုး ရရှိအောင် စီစဉ်ပေးခဲ့ကြတဲ့သူအားလုံးကိုလည်း အရမ်း ကျေးဇူးတင် ပါတယ်။ ကျွန်မအတွက် အမှတ်တရအဖြစ်ဆုံး အတွေ့အကြုံတွေထဲက တစ်ခုကတော့ ဂျပန်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ တွေ့ဆုံခွင့်ရခဲ့တာပါပဲ။ သူတို့နဲ့အတူ ကျွန်မတို့ရဲ့ ယဉ်ကျေးမှု၊ တက္ကသိုလ်ကျောင်းသားဘဝနဲ့ အနာဂတ်ရည်မှန်းချက်တွေအကြောင်း အပြန်အလှန် ပြောဆိုမျှဝေခွင့်ရခဲ့ပါတယ်။ နောက်ခံအခြေအနေတွေ မတူညီကြပေမဲ့ အတူတူစကားပြောရင်း ရင်းနှီးမှုတွေ တည်ဆောက်နိုင်ခဲ့တာကိုလည်း ဝမ်းသာမိပါတယ်။ နွေးနွေးထွေးထွေး ကြိုဆိုပေးပြီး ကြင်ကြင်နာနာ ဆက်ဆံပေးခဲ့ကြတဲ့ ဂျပန်ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအစီအစဉ်အတွင်း ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ရိုးရာဓလေ့တွေ၊ သမိုင်းကြောင်းနဲ့ နေ့စဉ်လူနေမှုဘဝတွေအကြောင်း အများကြီး လေ့လာခွင့်ရခဲ့ပါတယ်။ အထူးသဖြင့် အချိန်တိကျတာ၊ စည်းကမ်းရှိတာနဲ့ တစ်ခြားသူတွေကို ထည့်သွင်းစဉ်းစားပေးတတ်တာတွေကို သဘောကျမိပါတယ်။
နေရာအမျိုးမျိုးကို သွားရောက်လေ့လာပြီး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ရတာကြောင့် စာအုပ်ထဲမှာ သင်ယူခဲ့ရတာတွေအပြင် ဂျပန်နိုင်ငံရဲ့ အကြောင်းအရာတွေကို လက်တွေ့ပိုနားလည်လာခဲ့ပါတယ်။ ဒါ့အပြင် ဂျပန်လူမျိုးတွေနဲ့ တကယ်စကားပြောခွင့်ရခဲ့တာကြောင့် ဂျပန်စာကို ပိုပြီးလေ့လာချင်လာသလို ကိုယ့်ရဲ့အမြင်တွေကိုလည်း ပိုကျယ်ပြန့်လာစေခဲ့ပါတယ်။ ဒီခရီးစဉ်တစ်လျှောက် ကျွန်မတို့ကို အစစအရာရာ ကူညီပေးပြီး လမ်းညွှန်ပေးခဲ့ကြတဲ့ တာဝန်ရှိသူတွေ၊ ဆရာ၊ ဆရာမတွေနဲ့ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အတူတူပါဝင်ခဲ့ကြတဲ့ မြန်မာအဖွဲ့သားတွေနဲ့ တစ်ခြားနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေနဲ့လည်း ရင်းနှီးခွင့်ရခဲ့တာက ဒီခရီးစဉ်ကို ပိုပြီးပျော်စရာကောင်းစေခဲ့ပါတယ်။
ကျွန်မအတွက် JENESYS Program က ဂျပန်နိုင်ငံကို သွားလည်ခဲ့ရတဲ့ ခရီးစဉ်တစ်ခုတည်း မဟုတ်ပါဘူး။ ဗဟုသုတအသစ်တွေ ရရှိခဲ့တယ်၊ မိတ်ဆွေအသစ်တွေ ရခဲ့တယ်၊ ကိုယ်မသိသေးတဲ့ အရာတွေကို လေ့လာခွင့်ရခဲ့တယ်။ ဒီခရီးစဉ်ကနေ ရရှိခဲ့တဲ့ အတွေ့အကြုံတွေနဲ့ အမှတ်တရတွေကို အမြဲတမ်း တန်ဖိုးထားသွားမှာပါ။ ဂျပန်နိုင်ငံမှာ သင်ယူခဲ့ရတာ တွေကိုလည်း မြန်မာနိုင်ငံက တခြားသူတွေနဲ့ ပြန်လည်မျှဝေသွားချင်ပါတယ်။ အနာဂတ်မှာလည်း မြန်မာနဲ့ ဂျပန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုခိုင်မာလာပြီး အခုလို ယဉ်ကျေးမှုဖလှယ်ရေး အခွင့်အရေးတွေ ထပ်မံရရှိလာပါစေလို့ မျှော်လင့်ပါတယ်။
မမေမြတ်နိုးခင်
<သူ၏ အတွေ့အကြုံနှင့် အမြင်သဘောထား မျှဝေချက်>
ဂျပန်နိုင်ငံမှာ Homestay နေထိုင်ခဲ့စဥ်အတွင်း Host Family နဲ့အတူအချိန်ကောင်းတွေကို ဖြတ်သန်းခဲ့ရပါတယ်။ သူတို့ကကျွန်မကို နွေးထွေးစွာကြိုဆိုခဲ့ပြီး မိသားစုဝင်တစ်ယောက်လို ခံစားစေပါတယ်။
အတူတူဟင်းချက်ခဲ့ကြပြီး Takoyaki နဲ့ Okonomiyakiလို ဂျပန်အစားအစာတွေကိုလည်း အတူတူပြုလုပ်စားသောက်ခဲ့ကြပါတယ်။ ဂျပန်အစားအစာတွေပြုလုပ်နည်းကို လေ့လာခွင့်ရသလို Host Family နဲ့ အတူအချိန်ကုန်ဆုံးရတာလည်း ပျော်စရာကောင်းပြီး အမှတ်တရဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ကိုယ့်နိုင်ငံအကြောင်း ယဥ်ကျေးမှုနဲ့ နေ့စဥ်ဘဝအကြောင်းကိုလည်း အပြန်အလှန် စကားပြောဖြစ်ခဲ့ကြပါတယ်။ အခြားအဖွဲ့ဝင်တွေနဲ့လည်း အတူတူဂိမ်းကစားရင်း ပျော်ရွှင်စရာ အချိန်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဒီအတွေ့အကြုံတွေကနေ လူသစ်တွေနဲ့ ရင်းနှီးခွင့်ရခဲ့ပြီး ဂျပန်ယဥ်ကျေးမှုကိုလည်း ပိုမိုလေ့လာခွင့်ရခဲ့ပါတယ်။ ကြင်နာပေးတဲ့ Host Familyကိုလည်း အမှန်တကယ် ကျေးဇူးတင်ပါတယ်။ ဒီ Homestay အတွေ့အကြုံဟာ ဘယ်တော့မှ မမေ့နိုင်မယ့် ပျော်ရွှင်စရာအမှတ်တရတစ်ခု ဖြစ်ခဲ့ပါတယ်။
မပန်းအိထွေး
<သူ၏ အတွေ့အကြုံနှင့် အမြင်သဘောထား မျှဝေချက်>
ဒီprogramမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက်အရမ်းကိုပဲ ဝမ်းသာမိပါတယ်။ အခုထက်ထိ မသိသေးတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်ကြုံတွေ့ သိမြင်ခဲ့ရပြီး ပြည်ပက သူငယ်ချင်းတွေလည်း အများကြီး ရခဲ့ပါတယ်။ ဂျပန်ရဲ့ယဉ်ကျေးမှုတွေ၊ အလုပ်လုပ်ပုံ နည်းပညာတွေကို လေ့လာခွင့်ရခဲ့ပါတယ်။
အဲဒီအထဲကသဘောအကျဆုံးကတော့ ဂျပန်ရဲ့တက္ကသိုလ်တွေကို သွားရောက်လေ့လာခွင့် ရခဲ့တာပါ။ဂျပန်တက္ကသိုလ် ကျောင်းသားတွေနဲ့ ယဉ်ကျေးမှု ဖလှယ်ခွင့်ရခဲ့ပြီး သူတို့ရဲ့စာလေ့လာပုံတွေနဲ့ ဂျပန်ရဲ့ပညာရေး အခြေအနေတွေကို သိရှိခွင့်ရခဲ့ပြီး ဂျပန်မှာ ပညာသင်ယူချင်စိတ် ဖြစ်ခဲ့မိပါတယ်။ ဖိလစ်ပိုင် သူငယ်ချင်းတွေနဲ့လည်း good friendship ရခဲ့တဲ့အတွက်ဝမ်းသာမိပါတယ်။
日本茶道ကို ကိုယ်တိုင်မျက်မြင် အတွေ့အကြုံရခဲ့တာတွေ၊ Shizuoka ဒေသရဲ့ နာမည်ကြီးထွက်ကုန်တွေ၊ အလှအပနေရာတွေကိုလည်း လည်ပတ်လေ့လာခွင့် ရခဲ့ပါတယ်။ ခရီးစဉ် တစ်လျှောက်လုံး အစစအရာရာဂရုစိုက်ပေးတဲ့ ဆရာ Tun Aung Yokoyamaကိုလည်း ကျေးဇူးအထူးတင်ပါတယ်။JICEဘက်ကတာဝန်ရှိ သူတွေရော၊ ဂျပန်သံရုံးဘက်က တာဝန်ရှိသူတွေရော၊ Myanmar Polestarခရီးသွား အေဂျင်စီကတာဝန်ရှိသူတွေရောကိုကျေးဇူးတင်ပါတယ်။ ဒီခရီးစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူပြီးတော့ နောက်အနာဂတ်မှာလည်း JENESYS Program နဲ့ပတ်သတ်ပြီး လူပိုသိများလာအောင်ကြိုးပမ်းသွားပါမယ်။
ကိုပြည့်စုံမျိုးမြတ်
<သူ၏ အတွေ့အကြုံနှင့် အမြင်သဘောထား မျှဝေချက်>
ဂျပန်မလာခင်က ဂျပန်လူမျိုးတွေက အေးစက်တယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းကျ အရမ်း သဘောကောင်းပြီးကူညီပေးတတ်ပါတယ်။ ဂျပန်ရဲ့ ကျည်ဆန်ရထားဟာလည်း အရမ်းမြန်တာကို တွေ့ပြီး စိတ်၀င်စားခဲ့ပါတယ်။ ရီကျော့တက္ကသိုလ်မှာ သင်ခဲ့ရသလိုဂျပန်စကားဟာ သဒ္ဒါတွေစကားလုံးတွေကို သုံးရုံသာမကအသုံးပြုသူရဲ့စိတ်ကိုပါ တစ်ဖက်သားကို နားလည်စေခြင်းဖြစ်ပြီး သုံးတဲ့အခြေအနေပေါ် မူတည်ပြီး ကွဲပြားတာကိုနားလည်ခဲ့ပါတယ်။ ဂျပန်မလာခင်က လမ်းလျှောက်ခြင်း ဆန်းပိုးနဲ့အာရုကု စကားလုံးနှစ်ခုရဲ့ကွဲပြားချက်ကို သေချာနားမလည်ခဲ့ပါ။ မြန်မာစကားမှာ တူညီပါတယ်။ လက်တွေ့ဂျပန်မှာ ဆန်းပိုး လုပ်ကြည့်တဲ့အခါ ရှုခင်းတွေကိုခံစား သဘာ၀တရားကိုခံစားရင်း လမ်းလျှောက်တာဖြစ်တယ်ဆိုတာနားလည်ခဲ့ပါတယ်။
မရွှန်းလဲ့ကို
<သူ၏ အတွေ့အကြုံနှင့် အမြင်သဘောထား မျှဝေချက်>
ဂျပန်နိုင်ငံတွင် Home Stay နေထိုင်ခဲ့စဉ်အတွင်း အိမ်ရှင်မိသားစုနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး (Kaigo) အကြောင်း စိတ်ဝင်စားဖွယ် စကားပြောဆိုခွင့်ရခဲ့ပါတယ်။ အဲဒီစကားဝိုင်းလေးကနေတစ်ဆင့် မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့ရဲ့ ယဉ်ကျေးမှုကွာခြားချက်တစ်ခုကို ပိုမိုနားလည်သဘောပေါက်ခွင့်ရရှိခဲ့ပါတယ်။
အိမ်ရှင်မိသားစုက ကျွန်မတို့အိမ်မှာ မိသားစုဝင် ဘယ်နှစ်ယောက်ရှိသလဲလို့ မေးခဲ့ပါတယ်။ ကျွန်မက အဖိုး၊ အဖေ၊ အမေ၊ မောင်လေးနဲ့ ကျွန်မ စုစုပေါင်း ငါးယောက်နေထိုင်ကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီနောက် အဖိုးရဲ့အသက်ကို ထပ်မေးခဲ့တာကြောင့် အသက် ၇၈ နှစ်ရှိပြီဖြစ်ကြောင်း ပြောပြလိုက်တဲ့အခါ သူတို့က အတော်လေးအံ့ဩသွားပြီး “အခုထိ အိမ်မှာပဲ မိသားစုက အဖိုးကို ပြုစုစောင့်ရှောက်ပေးနေတုန်းလား” လို့ မေးခဲ့ကြပါတယ်။
ဂျပန်နိုင်ငံမှာတော့ အဲဒီလို အသက်အရွယ်ရောက်လာတဲ့ သက်ကြီးရွယ်အိုအများစုဟာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွေ၊ 介護施設 (Kaigo Shisetsu) တွေမှာ ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ စောင့်ရှောက်မှုကို ရယူနေကြသူတွေလည်း များစွာရှိကြောင်း ရှင်းပြခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ ကျွန်မတို့ မြန်မာလူမျိုးတွေရဲ့ ရိုးရာအယူအဆနဲ့ မိသားစုအပေါ်ထားရှိတဲ့ တန်ဖိုးထားမှုလေးတွေကို ပြန်လည်မျှဝေပြောပြခွင့် ရခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ ငယ်စဉ်ကတည်းက မိဘတွေရဲ့ ကျေးဇူးတရားနဲ့ မေတ္တာကို တန်ဖိုးထားတတ်ဖို့ သင်ကြားဆုံးမ ခံခဲ့ကြရပါတယ်။ မိခင်တွေဟာ ကိုးလလွယ် ဆယ်လဖွားပြီး ကျွန်မတို့ကို အသက်နဲ့ရင်းကာ မွေးဖွားပေးခဲ့ကြသလို မိဘနှစ်ပါးစလုံးကလည်း လမ်းလျှောက်တတ်၊ စကားပြောတတ်လာတဲ့အရွယ်ကနေ စပြီး ဘဝလမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းနိုင်ဖို့၊ ပညာသင်ယူနိုင်ဖို့အထိ ချစ်ခြင်းမေတ္တာတွေနဲ့ ပြုစုပျိုးထောင် လမ်းညွှန်ပေးခဲ့ကြတာပါ။
ဒါကြောင့်မိဘတွေ အသက်အရွယ်ကြီးရင့်လာတဲ့အခါ၊ကျန်းမာရေးချို့ယွင်းလာတဲ့အခါမှာ သူတို့ရဲ့ဘေးနားကနေ ကိုယ်တိုင်ပြန်လည်ပြုစု စောင့်ရှောက်ပေးခြင်းဟာ မိဘတွေရဲ့ ကျေးဇူးတရားကို ပြန်လည်ဆပ်နိုင်တဲ့ အဓိပ္ပာယ်ရှိတဲ့ နည်းလမ်းတစ်ခုလို့ ကျွန်မတို့ ယုံကြည်ကြပါတယ်။ မိဘတွေရဲ့ မေတ္တာဟာ ဘယ်လိုစကားလုံးတွေနဲ့မှ အပြည့်အဝ ဖော်ပြလို့မရနိုင်လောက်အောင် တန်ဖိုးကြီးမား လှပါတယ်။
အဲဒီလို အယူအဆတွေကြောင့်လည်း မြန်မာမိသားစုအများစုဟာ အသက်ကြီးလာတဲ့ မိဘတွေကို သူတစ်ပါးရဲ့ စောင့်ရှောက်မှုအောက် အလွယ်တကူအပ်နှံလိုက်တာမျိုးထက် မိသားစုနဲ့အတူ အိမ်မှာပဲ တတ်နိုင်သမျှ ကိုယ်တိုင်ပြုစု စောင့်ရှောက်ပေးလိုကြတာ ဖြစ်ပါတယ်။
ကျွန်မရဲ့ ရှင်းပြချက်ကို နားထောင်ပြီးတဲ့အခါ အိမ်ရှင်မိသားစုက ပြုံးရယ်ရင်း 「耳が痛いね」 လို့ ပြောခဲ့ကြပါတယ်။ အဲဒီစကားလေးကလည်း ကျွန်မတို့ရဲ့ အယူအဆကို နားလည်ပေးရင်း ပေါ့ပေါ့ပါးပါး တုံ့ပြန်ခဲ့ကြတာလို့ ခံစားမိပါတယ်။
ဒီစကားဝိုင်းလေး ကနေတစ်ဆင့်မြန်မာနဲ့ဂျပန်နိုင်ငံတို့ဟာ သက်ကြီးရွယ်အိုတွေအပေါ် တန်ဖိုးထား လေးစားတဲ့စိတ်ရှိကြပေမဲ့ ပြုစုစောင့်ရှောက်ပုံနဲ့ အဲဒီအပေါ်ထားရှိတဲ့ အယူအဆတွေမှာတော့ ကွာခြားမှုတွေ ရှိနိုင်တယ်ဆိုတာကို သိရှိခဲ့ရပါတယ်။
ဒါ့အပြင်ဒီကွာခြားချက်ဟာ ယဉ်ကျေးမှု တစ်ခုတည်းကြောင့်မဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ လူမှုရေးစနစ်၊ စီးပွားရေးအခြေအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းတွေနဲ့လည်း သက်ဆိုင်နေ တယ်လို့ တွေးမိခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာဆိုရင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး ဂေဟာတွေဟာ ခေတ်မီပစ္စည်း ကိရိယာတွေနဲ့ ပြည့်စုံပြီး ကျွမ်းကျင်ဝန်ထမ်းတွေရဲ့ စနစ်တကျပြုစု စောင့်ရှောက်မှုကို ရရှိနိုင်သလို သက်သောင့်သက်သာ နေထိုင်နိုင်တဲ့ ပတ်ဝန်းကျင်တွေလည်း များစွာရှိပါတယ်။ ဒါကြောင့် မိသားစုတွေအတွက်လည်း မိမိတို့ရဲ့ မိဘ၊ ဘိုးဘွားတွေ လိုအပ်တဲ့စောင့်ရှောက်မှုကို ရရှိစေဖို့ ရွေးချယ်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်လာပါတယ်။
တစ်ဖက်မှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေက အနည်းငယ်ကွာခြားပါတယ်။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာတွေကို အသုံးပြုတဲ့အလေ့အထဟာ ကျယ်ကျယ်ပြန့်ပြန့် မရှိသေးသလို လူအချို့ကလည်း အဲဒီနေရာတွေကို ကိုယ်တိုင်သွားရောက်နေထိုင်ဖို့ မနှစ်သက်ကြပါဘူး။ ဒါကြောင့် သက်ကြီးရွယ်အို မိသားစုဝင်တွေကိုအိမ်မှာပဲကိုယ်တိုင်ပြုစုစောင့်ရှောက်ပေးခြင်းဟာ မြန်မာလူမျိုးတွေအကြားအရေးပါတဲ့ရိုးရာဓလေ့တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။
ဒီအတွေ့အကြုံလေးကနေ ကျွန်မသင်ယူခဲ့ရတာကတော့ သက်ကြီးရွယ်အိုတွေကို ပြုစုစောင့်ရှောက်တဲ့ နည်းလမ်းတွေဟာ နိုင်ငံအလိုက် ကွဲပြားနိုင်ပေမဲ့ အဲဒီနောက်ကွယ်မှာတော့ ကိုယ်ပိုင်ယဉ်ကျေးမှု၊တန်ဖိုးထားမှုနဲ့မိသားစုအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေ ရှိနေကြတယ်ဆိုတာပါပဲ။
ယဉ်ကျေးမှုမတူညီကြသလို ပြုစုစောင့်ရှောက်ပုံတွေလည်း ကွဲပြားနိုင်ပေမဲ့ ကိုယ်ချစ်ရတဲ့သူတွေကို အကောင်းဆုံးဘဝလေး ပေးချင်တဲ့စိတ်ကတော့ အတူတူပဲ ဖြစ်ပါတယ်။
မသန့်နဒီဇော်
<သူ၏ အတွေ့အကြုံနှင့် အမြင်သဘောထား မျှဝေချက်>
ကျွန်မတို့ ပထမဆုံးနေ့ ဂျပန် တက္ကသိုလ်ကျောင်းသူလေးတွေနဲ့ Harajuku station မှာ Mission လေးတွေလုပ်ခွင့်ရတာကော ပြီးတော့ ကျောင်းသူတွေနဲ့ Mission တူတူ လုပ်ရင်း အနာဂါတ် ရည်ရွယ်ချက်တွေ ဖလှယ်ရင်း Ringo Ame ဝယ်ကျွေးတဲ့ ဂျပန်ကျောင်းသူလေးတွေကို ကျေးဇူတင်ပါတယ်။
ကျောင်းသူလေးတွေရဲ့ပြောကြားချက်အရ စာမေးပွဲတွေရှိရဲ့သားကနေ တစ်ကူးတစ်က လာရောက်တွေ့စုံခွင့်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
ဆရာ၊ ဆရာမတွေသင်ကြားပေးမှုတွေ၊ Kawanehon village ကို ပို့ဆောင်ပေးတာတွေ တစ်သက်လုံး အမှတ်တရအဖြစ် ကျန်နေခဲ့မှာပါ။ စိတ်ရှည် သည်းခံစွာနဲ့ လိုက်ပို့ပေးတဲ့ ဆရာ ဦး Tun Aung Yokoyama ကိုလည်း တစ်ကယ် အထူကျေးဇူးတင်ပါတယ်။
Escalator စီးတဲ့နေရာမှာ ညာဘက်မှာရပ်ရမယ်၊ တန်းစီရတာ၊ ငွေရှင်းရင် ကိုယ့်သတ်မှတ်နေရာမှာ မတ်တပ်ရပ်ရမှာတွေ ၊ အချိန်ပြည့်သွားရင် မည်သူ့ကိုယ်မှ မစောင့်တဲ့ရထား တွေ၊ Kimono ဝတ်ခွင့်ပေးတဲ့ Okusama ကိုကော၊ လက်ခံစောင့်ရှောက်ပေးတဲ့ Otosama ကိုကော Human Rights အပြည့်အဝခံစားခွင့်ပေးတာကော၊ ကူညီရိုင်းပင်းကြတဲ့ မြန်မာအဖွဲ့သားတွေ၊ ဖော်ရွေကြတဲ့ Philippines students တွေကို တစ်ကယ်ကို ရင်ထဲကနေ လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ပါတယ်ရှင့်။
မသိမ့်ဖြူစိုး
<သူ၏ အတွေ့အကြုံနှင့် အမြင်သဘောထား မျှဝေချက်>
Day 1 မှာ တိုကျိုမြို့ရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ Shibuya, Akihabara နဲ့ Shinjuku တို့ကို ရောက်ခဲ့ပြီး ဂျပန်နဲ့ ဖိလစ်ပိုင် သူငယ်ချင်းတွေရဲ့ နွေးထွေးဖော်ရွေမှုတွေကို ခံစားခဲ့ရပါတယ်။
Day 2 မှာ သဘောအကျဆုံးကတော့ Edo-Tokyo Museum ဖြစ်ခဲ့ပြီး Edo ခေတ်ကနေ ဒီနေ့ခေတ် တိုကျိုဖြစ်လာပုံကို ပုံဖော်ထားတဲ့ ပန်းချီကားတွေနဲ့ Edo ခေတ်က မူလပုံစံအတိုင်း ပြန်လည်ဆောက်လုပ်ပြသထားတဲ့ အနုပညာလက်ရာတွေကိုလည်း တွေ့ခဲ့ရပြီး ဂျပန်လူမျိုး တွေရဲ့သမိုင်းကြောင်းကို လေးစားတန်ဖိုးထားတဲ့စိတ်ဓာတ်ကို တကယ်ကို လေးစားမိပါတယ်။
Day 3 မှာ ကျည်ဆန်ရထားစီးခဲ့ရတဲ့ အတွေ့အကြုံကတော့ မမေ့နိုင်စရာပဲဖြစ်ခဲ့ပါတယ်။ Shizuoka Prefecture အကြောင်း လေ့လာခွင့်ရခဲ့သလို Nihon University ရဲ့ သစ်ပင်ရိပ်တွေ နဲ့ပြည့်ပြီး အေးအေးဆေးဆေးစာကျက်လို့ရတဲ့ ပတ်ဝန်းကျင်နဲ့ စာကြည့်တိုက်ကြီးကို အရမ်း သဘောကျခဲ့ပါတယ်။ ဂျပန်လူမျိုးကျောင်းသားတွေနဲ့ အဖွဲ့လိုက်စကားပြောခွင့်ရခဲ့ပြီး လက်ရှိ ဂျပန်မှာဖြစ်နေတဲ့ social matter အချို့နဲ့ manner တွေ အကြောင်းကို ဆွေးနွေးခွင့်ရခဲ့ပါတယ်။
Day 4 မှာ Shizuoka Sengen Shrine ကို သွားရောက်ခွင့်ရခဲ့ပြီး ဘုရားကျောင်းရဲ့ သမိုင်းကြောင်းကိုလေ့လာခွင့်ရခဲ့ပါတယ်။ ဂျပန်လူမျိုးတွေရဲ့ သဘာဝတရားကပေးအပ်ထားတဲ့ အရာတွေအပေါ် တန်ဖိုးထားတဲ့စိတ်ဓာတ်ကို သိရှိခဲ့ရပါတယ်။ Shizutetsu Retailing Company ကိုလည်း သွားရောက်ခဲ့ပြီး ဧည့်သည်တွေရဲ့ အဆင်မပြေမှုကို အလေးထား စဉ်းစားပေးတဲ့ ဂျပန်တို့ရဲ့ အဆင့်မြင့် ဧည့်ဝတ်ကျေပွန်မှု စိတ်ဓာတ်ကို သင်ယူခဲ့ရပါတယ်။
Day – 5 ကတော့ Kawanehon-cho မှာ Homestay နေထိုင်ရင်း ဂျပန်တို့ရဲ့ Sadou ပြုလုပ်ပုံ အဆင့်ဆင့်နဲ့ သောက်သုံးပုံစည်းစနစ်တွေကို အသေးစိတ် လေ့လာခဲ့ရပြီး သဘောအကျဆုံး ကတေ့ာ တောင်တန်းတွေရဲ့ သဘာဝအလှကို အပြည့်အဝခံစားလို့ရတဲ့ Nagashima Dam ဖြစ်ခဲ့ပါတယ်။ Host family တွေရဲ့ နွေးထွေးမှုနဲ့ အတူတူဟင်းချက်ကြပြီး ဂိမ်းဆော့ခဲ့ကြတဲ့ အချိန်လေးတွေက အနွေးထွေးဆုံးနဲ့ အပျော်ဆုံး အမှတ်တရတွေ ဖြစ်ခဲ့ပါတယ်။ ဂျပန်မှာသင်ယူခဲ့ရတဲ့ ဗဟုသုတတွေ၊ နွေးထွေးမှုတွေနဲ့ ဂျပန်၊ ဖိလစ်ပိုင်၊ မြန်မာသူငယ်ချင်း တွေနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အတွက် ဒီခရီးစဉ်ကတော့ ကျွန်မရဲ့ဘဝမှာ ဘယ်တော့မှ မမေ့နိုင်မဲ့ အမှတ်တရတွေ၊ ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးစဉ်တစ်ခုပဲဖြစ်ပါတယ်။

















