၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ချီးကျူးဂုဏ်ပြုလွှာပေးအပ်ခြင်း (ရန်ကုန်ဂျပန်ကျောင်းမှ ဝန်ထမ်း ၂ ဦး)

2026/3/4

ချီးကျူးဂုဏ်ပြုလွှာပေးအပ်ခြင်းခံရသော ရန်ကုန်ဂျပန်ကျောင်းမှဝန်ထမ်းများနှင့်အမှတ်တရဓာတ်ပုံ

    ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အကြီးအကဲ မစ္စတာယိုရှိတခဲသည် ၎င်း၏နေအိမ်တွင် ရန်ကုန်ဂျပန်ကျောင်းမှဝန်ထမ်း (၂) ဦးအား ချီးကျူးဂုဏ်ပြုလွှာပေးအပ်ခဲ့ပါသည်။

    ရန်ကုန်ဂျပန်ကျောင်းမှ ဝန်ထမ်းများအား သံရုံးမှ ချီးကျူးဂုဏ်ပြုလွှာပေးအပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခုတစ်ကြိမ်တွင် ဆုရရှိသူများမှာ အောက်ပါပုဂ္ဂိုလ်များဖြစ်ပါသည်။

    ဦးအောင်မျိုးသည် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့၏ ခေါင်းဆောင်အနေဖြင့် ရုံးအုပ်ကြီး (ကျောင်းအုပ်ကြီး) စသည်တို့၏ လမ်းညွှန်မှုအောက်တွင် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့သားများကို စုစည်းကြီးကြပ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများ ချောမွေ့စွာနှင့် အကျိုးရှိစွာလည်ပတ်နိုင်စေရန် များစွာပံ့ပိုးကူညီခဲ့ပါသည်။ ၎င်း၏ တာဝန်ထမ်းဆောင်မှု နှစ် ၃၀ သက်တမ်းတလျှောက်တွင် ဦးအောင်မျိုးသည် ကလေးများ၏ ဘေးကင်းလုံခြုံမှုကို သေချာစေရန်၊ ကျောင်းပတ်ဝန်းကျင်ကို တိုးတက်ကောင်းမွန်စေရန်နှင့် ကျောင်း၏လုပ်ငန်းဆောင်တာများ ချောမွေ့စွာလည်ပတ်နိုင်စေရန်အတွက် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ရလဒ်ကောင်းများမှာ အလွန်ပင် အလေးထားဖွယ်ဖြစ်ပါသည်။

    ဆရာမဒေါ်တင်မာလာသည် အင်္ဂလိပ်စကားပြောသင်တန်းပို့ချသူအဖြစ် အင်္ဂလိပ်စာ သင်ကြား‌ရေးတွင် တာဝန်ယူလျက်ရှိပါသည်။ သူမ၏ ၂၁ နှစ်တာခန့် တာဝန်ထမ်းဆောင်လာသောကာလတလျှောက်တွင် ဆရာမဒေါ်တင်မာလာသည် အင်္ဂလိပ်စာဘာသာရပ်တွင် တိုးတက်ကောင်းမွန်လာစေရေး၊ နိုင်ငံတကာ ဖလှယ်ရေးလှုပ်ရှားမှုများကို မြှင့်တင်ပေးရေးနှင့် ကျောင်းလုပ်ငန်းဆောင်တာများကို ပံ့ပိုးပေးရေးတို့တွင် အစဥ်တစိုက်ကြိုးစားပံ့ပိုးကူညီမှုများကိုပြုလုပ်ခဲ့ပြီး အဆိုပါကြိုးစားအားထုတ်မှုများမှာလည်း အထူးပင် ချီးကျူးဂုဏ်ပြုဖွယ်ဖြစ်ပါသည်။
 
    ဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနားတွင် သံရုံးအကြီးအကဲ မစ္စတာယိုရှိတခဲက ဂုဏ်ပြုလွှာလက်ခံရရှိသူ (၂) ဦးကို ၎င်းတို့၏ ထူးချွန်ပြောင်မြောက်သောဆောင်ရွက်မှုများအတွက် ချီးကျူးဂုဏ်ပြုစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိကြသော ဂျပန်နိုင်ငံသားကလေးများနှင့်  ကျောင်းသားများအတွက် ဘေးကင်းလုံခြုံသောပတ်ဝန်းကျင်ကိုထိန်းသိမ်းရင်း ပညာရေးဆိုင်ရာလှုပ်ရှားမှုများကိုလည်းတိုးတက်စေရန် နေ့စဉ်ကြိုးပမ်း အားထုတ်မှုများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါသည်။
 
    ထို့အပြင် ဂုဏ်ပြုလွှာလက်ခံရရှိသူ ဝန်ထမ်းတစ်ဦးဖြစ်သော ဦးအောင်မျိုးက "ဂျပန်ကျောင်းမှာ ကျွန်တော် အလုပ်ခန့်အပ်ခံရတာ နှစ် ၃၀ ခန့်ရှိပါပြီ။ ကျွန်တော် တာဝန်တွေကို ဆက်လက်ကြိုးစားပြီး တာဝန်ယူသွားမှာပါ" ဟု အခိုင်အမာ ပြောကြားခဲ့ပါသည်။ ဆရာမဒေါ်တင်မာလာကလည်း တက်ရောက်လာကြသူများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး "ဒီဆုဟာ ကျွန်မတစ်ဦးတည်းရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကြောင့်မဟုတ်ဘဲ ကျွန်မနဲ့အတူ ကြိုးစားလုပ်ဆောင်ပေးခဲ့ကြတဲ့ ဂျပန်ဆရာ၊ ဆရာမတွေရှိလို့သာ ရရှိတာဖြစ်ပါတယ်" ဟု ဝမ်းမြောက်ဝမ်းသာစွာ ပြောကြားခဲ့ပါသည်။
 

သံရုံးအကြီးအကဲ မစ္စတာယိုရှိတခဲ မှ ချီးကျူးဂုဏ်ပြုလွှာပေးအပ်စဥ်
(ဝန်ထမ်း ဦးအောင်မျိုး)


သံရုံးအကြီးအကဲ မစ္စတာယိုရှိတခဲ မှ ချီးကျူးဂုဏ်ပြုလွှာပေးအပ်စဥ်
(ဆရာမ ဒေါ်တင်မာလာ)