(၆) ကြိမ်မြောက် ဂျပန်သီချင်းဆိုပြိုင်ပွဲ ကျင်းပခြင်း

2026/3/19
       ၂၀၂၆ ခုနှစ်၊ မတ်လ ၁၅ ရက် (တနင်္ဂနွေနေ့) တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ကြီးမှူး၍ (၆) ကြိမ်မြောက် ဂျပန်သီချင်းဆိုပြိုင်ပွဲကို ရန်ကုန်ဂျပန်ကျောင်း၌ ကျင်းပခဲ့ရာ ဧည့်ပရိသတ် အယောက် (၁၀၀) ခန့် လာရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။

        အဆိုပါပြိုင်ပွဲကို ရန်ကုန်ဂျပန်ကျောင်း၊ ဂီတမိတ်နှင့် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်း အသင်း (MAJA) တို့၏ ပူးပေါင်းကူညီမှု၊ မြန်မာနိုင်ငံ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း (JCCM)၊ ရန်ကုန်ဂျပန်လူမျိုးများအသင်း၊ KIRI နှင့် Mao Mao Chinese တို့၏ ပံပိုးမှုတို့ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ပဏာမအဆင့်အောင်မြင်ပြီးသော ပြိုင်ပွဲဝင် ၁၂ ဦးသည် J-POP၊ Anime သီချင်းနှင့် Enka အပါအဝင် ဂျပန်သီချင်းအမျိုးမျိုးကို ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

        အကဲဖြတ်ချက်များအရ အကောင်းဆုံးထူးချွန်ဆုကို Masaki Suda ၏ "Niji" သီချင်းဖြင့် သီဆိုယှဉ်ပြိုင်ခဲ့သော မောင်ပြည့်စုံမျိုးမြတ်၊ ထူးချွန်ဆုကို AKB48 ၏ "365 Nichi no Kamihikouki" သီချင်းဖြင့် သီဆိုယှဉ်ပြိုင်ခဲ့သော မရွှန်းလဲ့ကို၊ အထူးဆုကို Sen Masao ၏ "Kitaguni no Haru" သီချင်းဖြင့် သီဆိုယှဥ်ပြိုင်ခဲ့သော မစောဝင်းမာတို့မှ အသီးသီးရရှိခဲ့ပြီး ဂုဏ်ပြုလက်မှတ်နှင့်ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ပါဝင်ယှဥ်ပြိုင်ကြသူများက "စိတ်လှုပ်ရှားပြီး ပုံမှန်လေ့ကျင့်ထား သလိုမျိုး မဖျော်ဖြေနိုင်ခဲ့ဘူး" ၊ "ကြိုးကြိုးစားစားနဲ့ အများကြီးလေ့ကျင့်ထားခဲ့ပေမယ့် တကယ်ကြီး ဆုရလိမ့်မယ်လို့ ထင်မထားဘူး" အစရှိသဖြင့် ၎င်းတို့၏ခံစားချက်များကို ပြောကြားခဲ့ပါသည်။ ကြည့်ရှုအားပေးကြသူများထံမှလည်း  "ဂျပန်သီချင်းတွေကနေ ဂျပန်အကြောင်းကို ပိုစိတ်ဝင်စားလာ တယ်" ၊ "သီဆိုဖျော်ဖြေမှုတွေကို ကြည့်ပြီး ဂျပန်စာကိုလေ့လာချင်စိတ်တွေ ဖြစ်ပေါ်လာတယ်" အစရှိသည့် မှတ်ချက်စကားသံများကို ရရှိခဲ့ပါသည်။

        ယခုနှစ်ဂျပန်သီချင်းဆိုပြိုင်ပွဲကို ယခုကဲ့သို့စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့် အတွက် သီဆိုပါဝင်ယှဉ်ပြိုင်သူများနှင့် တက်ရောက်လာကြသူများအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။


အကောင်းဆုံးထူးချွန်ဆုရရှိသူ _ မောင်ပြည့်စုံမျိုးမြတ်



ထူးချွန်ဆုရရှိသူ_မရွှန်းလဲ့ကို



အထူးဆုရရှိသူ_မစောဝင်းမာ


ရန်ကုန်ဂျပန်လူမျိုးများအသင်း၏ သီချင်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော မစ္စတာ အိုခအိ ဟိရိုယုကီ က ဧည့်သည်တော်အဖြစ် လာရောက်ဖျော်ဖြေပေးခြင်း။



ပြိုင်ပွဲဝင်များ၊အကဲဖြတ်ဒိုင်လူကြီးများနှင့်ဧည့်သည်တော်များ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်း


ဧည့်ပရိသတ်များ အပါအဝင် အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခြင်း